11/01/2008

ဥပရိပဏ္ဏသပါဠိ(မြန်မာပြန်)ဗါလပဏ္ဍိတသုတ်မှ

သေခါနီး အင်းပျဉ်၌ဖြစ်စေ၊ ညောင်စောင်း၌ဖြစ်စေ တင်ထားသော၊ သို့မဟုတ် မြေပေါ်၌ မထပဲလဲလျောင်းနေသော သူမိုက်အား ရှေးကပြုခဲ့သော ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်၊ ယုတ်မာသော အပြုအမူ(ကံ)တို့သည် ထင်လာကုန်၏။ ပေါ်လာကုန်၏။ လွှမ်းမိုးလာကုန်၏။ ရဟန်းတို့ ဥပမာအားဖြင့် ကြီးစွာသော တောင်ထွဋ်၏ အရိပ်သည် ညနေစောင်းအခါ၌ မြေပြင်၌ ထင်ကုန်၊ ဖြစ်ပေါ်ကုန်၊ လွှမ်းမိုးကုန်သကဲ့သို့။ ထို့အတူ မကောင်းသော ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်ဟူသော ယုတ်မာသော အပြုအမူတို့သည် သေခါနီးဖြစ်သော ထိုသူမိုက်အား ထင်ကုန်၏။ ပေါ်ကုန်၏။ လွှမ်းမိုးလာကုန်၏။

ရဟန်း - ထိုသို့ နိမိတ်များထင်လာသောအခါ - သူမိုက်အား ဤသို့သော အကြံသည် ဖြစ်ပေါ်၏။ ငါသည်ကောင်းမှုတို့ကို မပြုလေစွတကား။ ကြောက်ရွံ့ခြင်းကို တားမြစ်နိုင်သော ကုသိုလ်တို့ကို မပြုမိလေစွတကား။ မကောင်းမှုတို့ကို ပြုမိလေစွ။ ကြောက်ရွံ့ခြင်းကို ဖယ်ရှားနိုင်သော ကုသိုလ်တို့ မပြုမိကုန်သော ပုဂ္ဂိုလ်တို့၏ လားရာ၊ ကြမ်းကြုတ် ညစ်ညူးသော ဒုစရိုက်မှုကို ပြုမိကုန်သော ပုဂ္ဂိုလ်တို့၏ မကောင်းသောလားရာ (ဂတိ)သို့ လားရာ၏။ (လားရတော့မည်)ဟု ကြံစည်၏။ (စိတ်တွင်ဖြစ်၏။) ထိုသူမိုက်သည် ပူဆွေး၏။ ပင်ပန်း၏။ ငိုကြွေး၏။ မြည်တမ်း၏။ ပြင်းစွာတွေဝေခြင်း ဖြစ်၏။ ဤသူမိုက်သည် မသေသေးမီ မျက်မှောက်ဘ၀၌ပင် ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစားရ၏။

ရဟန်းတို့ - ထိုသူမိုက်သည် ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ၊ ဖရိုဖရဲကျရောက်ရာ အပယ်ငရဲသို့ ကျရောက်ရ၏။

ရဟန်းတို့ - ဧကန်အလိုမရှိရာ၊ ဧကန်မနှစ်လိုစရာ၊ ဧကန်နှလုံး မသာယာစရာတို့ဟူသည်မှာ အမှန်အားဖြင့် ငရဲကိုသာ ပြောဆိုရာ၏။

ရဟန်းတို့ - ငရဲတို့၌ အလွန်အကဲဆင်းရဲ၏။ ဥပမာပြုရန်မလွယ်။ ထိုအခါ ရဟန်းတစ်ပါးက မြတ်စွာဘုရားအား ဥပမာပြု၍ ဟောတော်မူပါဟု လျှောက်ထား၏။
ရဟန်းတို့ - ဥပမာပြရရင် မကောင်းမှုပြုသော ခိုးသူ(လူဆိုး)ကို ဖမ်းမိ၍ ဤသူသည် မကောင်းမှုပြုသော ခိုးသူ(လူဆိုး)ပါတည်း။ အပြစ်ဒဏ်ချမှတ်ပေးပါရန် ရှင်ဘုရား(မင်း)တို့ အား ပြသလျှောက်ထားကြရာ၏။ မင်းသည် ထိုသူကို နံနက်အချိန်တွင် လှံအချက်(၁၀၀) ထိုး၍ သတ်ရန် အမိန့်ချမှတ်ရာ၏။

No comments: