11/04/2008

ဥစ္ဆေဒ ဒိဌိ၊ သဿတဒိဌိ (လယ်တီဆရာတော်)

• နာမ်တရား၊ ရုပ်တရားနှစ်ပါးလုံးကိုပင် အတ္တ-ဇီဝဟု ယူသော ဒိဌိတစ်မျိုး။
• နာမ်တရားကိုသာ အတ္တ-ဇီဝ ဟုယူသော ဒိဌိတစ်မျိုး။
• နာမ်-ရုပ်တရားတို့မှ အလွတ်အသီးအခြားဟု ယူသော ဒိဌိတစ်မျိုး။
နာမ်-ရုပ်တရားကို အတ္တ-ဇီဝဟု ယူရာ၌ အတ္တဇီဝသည် တစ်သက်လုံး တစ်ဘ၀လုံး အခိုင်အမြဲတစ်ခုတည်း အဖြစ်နှင့် တည်နေသကဲ့သို့၊ ရုပ်-နာမ်သည်လည်း တစ်သက်လုံး တစ်ဘ၀လုံးတစ်ခုတည်း အဖြစ်တည်နေသည်။ ဘ၀ဆုံး၍ ကမ္မဇရုပ်ချုပ်ပျက်ရာတွင်မှ ရုပ်-နာမ်
အတ္တဇီဝပျောက်ဆုံးသည်ဟု ယူသည်ကား - ဥစ္ဆေဒဒိဌိတည်း။
ရုပ်ကား - အတ္တဇီဝမဟုတ်။ နာမ်သည်သာ အတ္တဇီဝဖြစ်သည်။ စုတိကမ္မဇရုပ်ချုပ်ပျက်၍ သေဆုံးရာ၌ ရုပ်သည်သာ ချုပ်ဆုံးသည်။ အတ္တဇီဝ ဟုဆိုအပ်သော နာမ်သည်ကား ချုပ်သည်ဟူ၍ မရှိရုပ်ခန္ဓာတစ်ခု ချုပ်ဆုံးလျှင် - ဘ၀တစ်ပါးသို့ ပြောင်းကူး၍ ရုပ်ခန္ဓာအသစ်တစ်ခု တည်ထောင်၍ နေသည်ဟု ယူဆသည်ကား - သဿတဒိဌိတည်း။
အတ္တ-ဇီဝသည် ရုပ်ခန္ဓာ-နာမ်ခန္ဓာတို့မှ အလွတ်အသီးအခြားတည်းဟု ယူရာ၌လည်း တစ်ဘ၀မှာ တစ်ခါ တစ်ခါပျက်ဆုံးသည်ဟု ယူဆသည်ကား ဥစ္ဆေဒ ဒိဌိတည်း။ ရုပ်ခန္ဓာ - နာမ်ခန္ဓာသည်သာ တစ်ဘ၀တွင် တစ်ခါ တစ်ခါပျက်ဆုံးသည်။ ရုပ်ခန္ဓာ - နာမ်ခန္ဓာမှ အလွတ် တစ်ခြားတစ်ပါးဖြစ်သော အတ္တဇီဝမူကား ပျက်ဆုံးသည် မူ၍ မရှိဟု ယူဆသည်ကား - သဿတဒိဌိပေတည်း။
မှတ်ရန် - ဥစ္ဆေဒဒိဌိကား - တစ်ဘ၀လျှင် တစ်ခါတစ်ခါ အတ္တဇီဝချုပ်ပြတ်သည်။ နောက်ဘ၀တွင် အတ္တအသစ် ဇီဝအသစ်တည်ထောင်၍ သံသရာမှာ ကျင်လည်သည်ဟု ယူ၏။
နတ္ထိက အဟေတုက အကြိယဒိဌိကြီးများမူကား - ပုဂ္ဂိုလ်သတ္တ၀ါ- အတ္တ- ဇီဝမည်သည် တစ်ဘ၀သာရှိသည်။ ရှေးဘ၀မှ ပြောင်းလာသည်လည်းမရှိ။ နောက်ဘ၀သို့ ပြောင်းသည်လည်း မရှိ။ ပစ္စပ္ပုန်ဘ၀ချုပ်ဆုံးလျှင် အပြီးတိုင်ချုပ်ဆုံးသည်။
မကောင်းမှုကို ပြုသော်လည်း နောင်ဘ၀တွင် ဒုက္ခအကျိုးခံစားရသည် ဟူ၍မရှိ။ ကုသိုလ်ပြုသော်လည်း ချမ်းသာခံစားရကျိုး မရှိဟု ယူကြသည်။

ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ကြောင်းတရားငါးမျိုး

(၁) ရန်ငြိုးဖွဲ့ခြင်းဖြစ်ပေါ်လာသော ပုဂ္ဂိုလ်၌ ချစ်ခင်ခြင်းမေတ္တာကို ပွားများရမည်။

(၂) ရန်ငြိုးဖွဲ့ခြင်းဖြစ်ပေါ်လာသော ပုဂ္ဂိုလ်၌ သနားခြင်း (ကရုဏာ)ကို ပွားများရမည်။

(၃) ရန်ငြိုးဖွဲ့ခြင်းဖြစ်ပေါ်လာသော ပုဂ္ဂိုလ်၌ လျစ်လျူရှုခြင်း (ဥပေက္ခာ)ကို ပွားများရမည်။

(၄) ရန်ငြိုးဖွဲ့ခြင်းဖြစ်ပေါ်လာသော ပုဂ္ဂိုလ်၌ သတိမထားခြင်း၊ နှလုံးသွင်းခြင်းကို ပွားများရမည်။

(၅) ရန်ငြိုးဖွဲ့ခြင်းဖြစ်ပေါ်လာသော ပုဂ္ဂိုလ်၌ ကံသာလျှင် မိမိတို့ကိုယ်ပိုင် ဥစ္စာရှိသည့် အဖြစ်ကို ပွားများရမည်။
ကံသာလျှင် မိမိဥစ္စာဖြစ်၍ ကံ၏ အမွေခံဖြစ်၏။ ကံသာလျှင် အကြောင်းရှိ၏။ ကံသာလျှင် ဆွေမျိုးဖြစ်၏။
မိမိပြုလုပ်သော ကံ၊ မကောင်းသော ကံ၏ အမွေခံသာ ဖြစ်ပေသည်ဟု အောက်မေ့ရာ၏။

ဝိဇ္ဇာ (၃) ပါး (ပု - ဒိ - အာ)

၁။ ပုဗ္ဗေနိဝါသဥာဏ်

ရှေး၌ဖြစ်ခဲ့ဘူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့နိုင်(အမှတ်ရနိုင်)သော ဥာဏ်။

၂။ ဒိဗ္ဗစက္ကုဥာဏ်

လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်တိုင်အောင် ရုပ်ဆင်းသဏ္ဍာန် ဟူသမျှကို နတ်တို့မျက်စိကဲ့သို့အကုန်မြင်နိုင်သောဥာဏ်။

၃။ အာသ၀က္ခယဥာဏ်

(၁၅၀၀)ကိလေသာတို့ကို ကုန်ခမ်းစေနိုင်သော ဥာဏ်။

မဇ္ဈိမပဏ္ဏာသပါဠိတော်မြန်မာပြန် ဗောဓိမင်းသားသုတ်တော်မှ

မင်းသား - ငါသည်ညဥ့်၏ နောက်ဆုံးဖြစ်သော မိုးသောက်ယံ၌ သုံးခုမြောက် ဤအသိဥာဏ်၊ ၀ိဇ္ဇာ(အာသ၀က္ခယဥာဏ်)ကို ရခဲ့ပြီ။ မသိမှု အ၀ိဇ္ဇာပျောက်ခဲ့ပြီ။ အသိဥာဏ်ဝိဇ္ဇာဖြစ်ပေါ်ခဲ့ပြီ။ အမှောင်ပျောက်ခဲ့ပြီ။ ဥာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ မင်းသား - ထိုငါ့အား ဤသို့သော အကြံ(စဉ်းစားမှု)သည် ဖြစ်၏။

ငါသိအပ်သော ဤတရားကားနက်နဲ၏။ မြင်နိုင်ခဲ၏။ မွန်မြတ်၏။ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်။ သိမ်မွေ့၏။ ပညာရှိသူတို့သာ သိမြင်နိုင်၏။ ဤသတ္တ၀ါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏။ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏။ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်ကြကုန်၏။ ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက် အလွန်နှစ်ခြိုက်နေကြသော ဤသတ္တ၀ါများသည် အကျိုးတို့၏ အကြောင်းတရားဖြစ်သော ဤပဋိစ္စသမုပါဒ်တရားကို မြင်နိုင်ရန်ခက်ခဲ၏။

ပြုပြင်မှု(သင်္ခါရ) အားလုံး၏ ငြိမ်းရာ၊ ဥပဓိတရားအားလုံးကို ပယ်စွန့်ရာ၊ တဏှာ၏ကုန်ရာ၊ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော ဤနိဗ္ဗာန်တရားကိုလည်း မြင်နိုင်ရန် ခက်ခဲ၏။ ငါသည် တရားကို ဟောသော်ငြားလည်း သူတစ်ပါးတို့သည် ငါဟောသော တရားကို မသိနိုင် နားမလည်နိုင်ရာ။ ဤသို့ဖြစ်လျှင် ထိုတရားဟောပြောမှုသည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏။ ငါ့ကိုယ်ကိုညှင်းဆဲရုံသာ ဖြစ်ရာ၏။ဟုစိတ်တွင် ဖြစ်ပေါ်ခဲ့၏။ မင်းသား - ထို့အပြင် အလွန်အံ့သြ ဖွယ်ဖြစ်သော ရှေးက မကြားဘူးသော ဤဂါထာတို့သည် ငါ၏စိတ်တွင် ထင်လာကုန်၏။

ငါသည် ခဲယဉ်းစွာ ကျင့်၍ သိအပ်ပြီးသော တရားကို ယခုအချိန်အခါတွင် ဟောပြောခြင်းငှာ မသင့်လျော်သေးချေ။ ရာဂဒေါသတို့ အနှိပ်စက်ခံနေကြရသော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနားလည်နိုင်ကြမည်မဟုတ်ချေ။ အမှောင်ဖုံးလွှမ်း လျက်- ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အနုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ၏) အဆန်တရားကို မြင်နိုင်ကြမည် မဟုတ်ချေ။

11/01/2008

ဥပရိပဏ္ဏသပါဠိ(မြန်မာပြန်)ဗါလပဏ္ဍိတသုတ်မှ

သေခါနီး အင်းပျဉ်၌ဖြစ်စေ၊ ညောင်စောင်း၌ဖြစ်စေ တင်ထားသော၊ သို့မဟုတ် မြေပေါ်၌ မထပဲလဲလျောင်းနေသော သူမိုက်အား ရှေးကပြုခဲ့သော ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်၊ ယုတ်မာသော အပြုအမူ(ကံ)တို့သည် ထင်လာကုန်၏။ ပေါ်လာကုန်၏။ လွှမ်းမိုးလာကုန်၏။ ရဟန်းတို့ ဥပမာအားဖြင့် ကြီးစွာသော တောင်ထွဋ်၏ အရိပ်သည် ညနေစောင်းအခါ၌ မြေပြင်၌ ထင်ကုန်၊ ဖြစ်ပေါ်ကုန်၊ လွှမ်းမိုးကုန်သကဲ့သို့။ ထို့အတူ မကောင်းသော ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်ဟူသော ယုတ်မာသော အပြုအမူတို့သည် သေခါနီးဖြစ်သော ထိုသူမိုက်အား ထင်ကုန်၏။ ပေါ်ကုန်၏။ လွှမ်းမိုးလာကုန်၏။

ရဟန်း - ထိုသို့ နိမိတ်များထင်လာသောအခါ - သူမိုက်အား ဤသို့သော အကြံသည် ဖြစ်ပေါ်၏။ ငါသည်ကောင်းမှုတို့ကို မပြုလေစွတကား။ ကြောက်ရွံ့ခြင်းကို တားမြစ်နိုင်သော ကုသိုလ်တို့ကို မပြုမိလေစွတကား။ မကောင်းမှုတို့ကို ပြုမိလေစွ။ ကြောက်ရွံ့ခြင်းကို ဖယ်ရှားနိုင်သော ကုသိုလ်တို့ မပြုမိကုန်သော ပုဂ္ဂိုလ်တို့၏ လားရာ၊ ကြမ်းကြုတ် ညစ်ညူးသော ဒုစရိုက်မှုကို ပြုမိကုန်သော ပုဂ္ဂိုလ်တို့၏ မကောင်းသောလားရာ (ဂတိ)သို့ လားရာ၏။ (လားရတော့မည်)ဟု ကြံစည်၏။ (စိတ်တွင်ဖြစ်၏။) ထိုသူမိုက်သည် ပူဆွေး၏။ ပင်ပန်း၏။ ငိုကြွေး၏။ မြည်တမ်း၏။ ပြင်းစွာတွေဝေခြင်း ဖြစ်၏။ ဤသူမိုက်သည် မသေသေးမီ မျက်မှောက်ဘ၀၌ပင် ဆင်းရဲခြင်း နှလုံးမသာယာခြင်းကို ခံစားရ၏။

ရဟန်းတို့ - ထိုသူမိုက်သည် ကိုယ်ဖြင့်၊ နှုတ်ဖြင့်၊ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ၊ ဖရိုဖရဲကျရောက်ရာ အပယ်ငရဲသို့ ကျရောက်ရ၏။

ရဟန်းတို့ - ဧကန်အလိုမရှိရာ၊ ဧကန်မနှစ်လိုစရာ၊ ဧကန်နှလုံး မသာယာစရာတို့ဟူသည်မှာ အမှန်အားဖြင့် ငရဲကိုသာ ပြောဆိုရာ၏။

ရဟန်းတို့ - ငရဲတို့၌ အလွန်အကဲဆင်းရဲ၏။ ဥပမာပြုရန်မလွယ်။ ထိုအခါ ရဟန်းတစ်ပါးက မြတ်စွာဘုရားအား ဥပမာပြု၍ ဟောတော်မူပါဟု လျှောက်ထား၏။
ရဟန်းတို့ - ဥပမာပြရရင် မကောင်းမှုပြုသော ခိုးသူ(လူဆိုး)ကို ဖမ်းမိ၍ ဤသူသည် မကောင်းမှုပြုသော ခိုးသူ(လူဆိုး)ပါတည်း။ အပြစ်ဒဏ်ချမှတ်ပေးပါရန် ရှင်ဘုရား(မင်း)တို့ အား ပြသလျှောက်ထားကြရာ၏။ မင်းသည် ထိုသူကို နံနက်အချိန်တွင် လှံအချက်(၁၀၀) ထိုး၍ သတ်ရန် အမိန့်ချမှတ်ရာ၏။